15
Mar

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခြင်း

၁။      ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို  ၁၅-၃-၂၀၂၄ ရက်နေ့ နေ့လည် (၁၄:၀၀)နာရီမှ (၁၅:၃၀)နာရီထိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌများအပါအဝင် In Person ဖြင့် တက်ရောက်သူ(၉၈)ဦး၊ Online မှ တဆင့် တက်ရောက်သူ(၂၁)ဦး စုစုပေါင်း(၁၁၉)ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

၂။       ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ပြဿနာသည် ရှမ်းပြည်နယ်တွင်သာမက တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သောကိစ္စရပ်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖြစ်ပွားသော မီးလောင်မှု (Fire Hotspot) အရေအတွက်တွင် ရှမ်းပြည်နယ်မှာ ၄၀% အထိ အများဆုံးဖြစ်ပွားလျက်ရှိကြောင်း၊ အဓိကအကြောင်းအရင်းမှာများအနေဖြင့် သဘာဝအလျောက် လောင်ကျွမ်းခြင်း၊ ရွေ့ပြောင်းတောင်ယာစိုက်ပျိုးမှုလုပ်ကိုင်ခြင်း၊ မုဆိုးတောလိုက်ခြင်းတို့ကြောင့် တောမီးလောင်ကျွမ်းမှုများဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ယခုအချိန်သည် မတ်လနှင့် ဧပြီလဖြစ်ပါ၍ မီးလောင်ကျွမ်းမှု အရေအတွက်အများဆုံး ဖြစ်ပါသဖြင့် သတိထားထိန်းချုပ် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

၃။      ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ရှမ်းပြည်နယ်တွင် မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းများ၊ လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ ကျန်းမာရေးအပေါ် ထိခိုက်နိုင်မှုများ၊ ရှမ်းပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်၊ ကျေးရွာအလိုက် မီးလောင်မှုအရေအတွက် (Fire Hotspot)နှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ဖြစ်ပေါ်မှုအခြေအနေ၊ ရှမ်းပြည်နယ်အတွင်း မီးလောင်မှုအရေအတွက် (Fire Hotspot) ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ဆောင်ရွက်မှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။

၄။      ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ပြီး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားအား ညနေ(၁၅:၅၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။