၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆုရရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် ယနေ့ကျရောက်သည့် ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်အနေဖြင့် “ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့ (Ecosystem Restoration)” ဖြစ်ပါကြောင်း၊ လူသားများနှင့် သဘာဝ အကြားဆက်စပ်မှုကို ပိုမိုသဟဇာတဖြစ်စေရန် ရည်ရွယ်ချက်နှင့် အလေးပေးဖော်ညွှန်းထား သည့် ဆောင်ပုဒ်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ပတ်သက်၍ ပြောကြားရာတွင် လူသားများ၏ ရှင်သန်ရပ်တည်နိုင်ရေးတွင် ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ လိုအပ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်း၌ လက်ရှိကြုံတွေ့နေရသည့် ဖြစ်စဉ်ကို ကြည့်မည်ဆိုပါက သစ်တောများ စည်းမဲ့ကမ်းမဲ့ ခုတ်ထွင်ရှင်းလင်းခြင်း၊ တောရိုင်းတိရစ္ဆာန်တို့ နေထိုင်ရာဒေသများကို ကျူးကျော်နယ်ချဲ့ပြီး မြို့ပြနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စိုက်ပျိုးမြေများ အလွန်အကျွံချဲ့ထွင်အသုံးပြုခြင်း၊ ရေနေသတ္တဝါများ အလွန်အကျွံဖမ်းဆီးခြင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှုများပြားသည့် စက်မှုဖွံဖြိုးရေးနှင့် ရုပ်ကြွင်းလောင်စာအခြေခံသည့် စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ခြင်းများကြောင့် ဂေဟစနစ်သည် တစ်နေ့ထက်တစ်နေ့ ပျက်စီးနေသည့် အခြေအနေ ကြုံတွေ့နေရသည်ကို ထင်ထင်ရှားရှား တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ အရေးကြီးသည့် သစ်တောဂေဟစနစ်ကို ကြည့်မည်ဆိုပါက ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၀ ပြည့်နှစ် သစ်တောသယံဇာတ ဆန်းစစ်လေ့လာ ခြင်း အစီအရင်ခံစာအရ သစ်တောဖုံးလွှမ်းမှုသည် နှစ်ကာလအလိုက် လျော့ကျလာသည်ကို လေ့လာသိရှိ ရပါကြောင်း၊ သစ်တောပြုန်းတီးရခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် မြစ်၊ ချောင်း၊ ကန်များ ညစ်ညမ်းလာပြီး ရေချိုများခန်းခြောက်လာခြင်း၊ ကမ်းခြေများနှင့် ပင်လယ်သမုဒ္ဒရာများ ပျက်စီးယိုယွင်းခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်း၊ တောင်ပေါ်ဒေသ မြေဆီလွှာများပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်း ပျောက်ဆုံးခြင်းစသည့် ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုများနှင့်အတူ လူသားများ အသက်ရှင်ရပ်တည်ရေး အတွက် ကြီးမားသောခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာစေကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်သည့် ၂၀၂၁-၂၀၃၀ အထိ ဂေဟစနစ် ပြန်လည်ကောင်းမွန်ရှင်သန်ရေးကုလသမဂ္ဂဆယ်စုနှစ် ကြေညာချက်အရ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘေးအန္တရာယ်များကို တွန်းလှန်တိုက်ဖျက်နိုင်ရေး၊ သန်းပေါင်း များစွာသော မျိုးစိတ်များ လျော့ပါးပျောက်ကွယ်လာမှုကို ကာကွယ်တားဆီးနိုင်ရေးနှင့် အစားအစာဖူလုံမှု၊ ရေထောက်ပံ့မှုနှင့် သက်မွေးကျောင်းလုပ်ငန်းများကို သေချာခိုင်မာစေရေးတို့အတွက် ပျက်စီး၊ ပြုန်းတီးနေသည့် ဂေဟစနစ်များကို ပြန်လည်ရှင်သန်ကောင်းမွန်လာစေရေး မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ကို ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ် “ပတ်ဝန်းကျင်ရေရှည်တည်တံ့ ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့ (Ecosystem Restoration)” ဖြင့် နှိုးဆော်ထားခြင်းဖြစ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ်သည် COVID-19 ကမ္ဘာ့ကပ်ရောဂါအပါအဝင် ဘေးအန္တရာယ်များစွာကိုရင်ဆိုင်ခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သကဲ့သို့ ယခုနှစ်တွင်လည်း COVID-19 ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေမှုနှင့်အတူ တစ်စထက်တစ်စ ယိုယွင်းပျက်စီးလာသည့် သဘာဝသယံဇာတ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရာသီဥတု ဖောက်ပြန်မှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အဓိကကျသည့် သဘာဝဂေဟစနစ် ပြန်လည် ထိန်းသိမ်းခြင်းကို မိမိတို့အားလုံး အဓိကဦးစားပေးအရေးကြီးလုပ်ငန်းအနေဖြင့် အထူးအလေးထား အကောင်အထည်ဖော်ဆောင်ရွက်နေကြရသည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြောကြားရာ တွင် မိမိတို့မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလေးထားဆောင်ရွက်နေမှုကို အကျဉ်းမျှ တင်ပြလိုပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း ၁ နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၄၅ တွင် “နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်” ဟုလည်းကောင်း၊ အခန်း ၈ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရးနှင့်တာဝန်များ၊ ပုဒ်မ ၃၉၀ တွင် “နိုင်ငံသားတိုင်းသည် နိုင်ငံတော်အား ကူညီရန်တာဝန်ရှိသည်”ဟု ဖော်ပြထားသည့် ကိစ္စရပ်များ၌ “သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း” ဆိုသည့်အချက်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ မိမိတို့မြန်မာနိုင်ငံသားများသည် တစ်ဦးချင်းအနေဖြင့် သာမက တစ်နိုင်ငံလုံး အနေဖြင့်ပါ သဘာဝပတ်ဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးကို လုပ်ဆောင်နေရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံသည် မြောက်ဘက်ဒေသရေခဲတောင်များမှ တောင်ဘက်ကမ်းရိုးတန်း ဒေသများအထိ မတူကွဲပြားသည့် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးတို့ကို ထိရောက်စွာ အထောက်အပံ့ပေးနိုင်သော ကောင်းမွန်သည့် ဂေဟစနစ်များနှင့် သဘာဝပတ်ဝန်းကျင်များ ရေရှည်တည့်တံ့နိုင်ရေးသည် လွန်စွာအရေးကြီးပါကြောင်း။
မြန်မာနိုင်ငံသည် သစ်တောဂေဟစနစ်ထိန်းသိမ်းနိုင်ရေးအတွက် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ (၃၀) ရာခိုင်နှုန်းကို သဘာဝကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းနိုင်ရေး ရည်မှန်းဆောင်ရွက် လျက်ရှိရာ ယခုအခါ နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၆၁ ရာခိုင်နှုန်းကို သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအဖြစ်လည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးသဘာဝနယ်မြေများဖွဲ့စည်းခြင်းကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်း ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ ၆ ဒသမ ၈ ရာခိုင်နှုန်း ကို လည်းကောင်း ဖွဲ့စည်းထားနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စုစုပေါင်းစိုက်ပျိုးမြေဧရိယာအနေဖြင့် ဧက ၄၈ ဒသမ ၅၂ သန်းရှိပြီး ဆန်စပါးစိုက်ဧကအနေဖြင့် ဧက ၁၇ ဒသမ ၃ သန်းရှိကြောင်း။
မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေအတွက် စိုက်ပျိုးမြေလုံလောက်စွာရှိပြီး ဆန်ဖူလုံမှုအနေဖြင့် ၁၂၇ ရာခိုင်နှုန်းဖြစ်သော ကြောင့် လုံလောက်ရုံမက ပိုလျှံနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အခြားသီးနှံ များတွင်လည်း အဓိကသီးနှံများသည် ပြည်တွင်းဖူလုံမှုအပြင် ပိုလျှံမှုရှိသည့်အတွက် ၁ ဧက အထွက်နှုန်း တိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာများ တိုးမြှင့်ဆောင်ရွက်ရန်လိုပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမြေ လုံလောက်စွာရှိပြီးဖြစ်သဖြင့် သစ်တောများကို ခုတ်ထွင်ဖယ်ရှားခြင်း မပြုတော့ဘဲ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ဓလေ့ထုံးထမ်းအစဉ်အလာအရ ရွေ့ပြောင်းတောင်ယာ စိုက်ပျိူးခြင်းမှ တောင်ပေါ်အမြဲတမ်း ကုန်းမြင့်လယ်ယာများအဖြစ် စနစ်တကျ ပြောင်းလဲကျင့်သုံးရန်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒီရေတောပေါက်ရောက်မှု သတ္တမအများဆုံးဖြစ်ပြီး အာရှတွင် ဒီရေတောပေါက်ရောက်မှု တတိယအများဆုံးဖြစ်ပါကြောင်း၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ မြန်မာ့ဒီရေပေါက်ရောက်သစ်တောများသည် မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု ဧရိယာ၏ ၃ ဒသမ ၉ ရာခိုင်နှုန်း ၁၁၀၇၇၄၅ ဧကခန့်ရှိပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် အထောက်အကူပြုလျက်ရှိပါကြောင်း၊ ဒီရေတောများကို နည်းလမ်း မျိုးစုံဖြင့် ပြန်လည်တည်ထောင်လျက်ရှိရာ ယနေ့အချိန်အထိ ဒီရေတော စိုက်ခင်း ၂၆၉၉၀ ဧက၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော်စိုက်ခင်း ၁၅၄၃၆ ဧက၊ ပုဂ္ဂလိကစိုက်ခင်း ၃၀၆၅ ဧက၊ ဓမ္မတာမျိုးဆက်ခြင်း ၈၁၃၀ ဧက၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ဒီရေတောစိုက်ခင်း ၁၀၃၄၈ ဧကတို့ကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီဖြစ်ပါကြောင်း။
သဘာဝသစ်တောကြီးများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် စွမ်းအင်အရင်းအမြစ်များ ပျက်သုဉ်းဆုံးရှုံးရခြင်း၏ အဓိကအကြောင်းအရင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ထင်းလောင်စာစွမ်းအင်ကို သစ်တော ကဏ္ဍမှ နေ့စဉ်နှင့်အမျှ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ထင်း၊ မီးသွေးသုံးစွဲမှုသည် စုစုပေါင်းစွမ်းအင် သုံးစွဲမှု၏ ၇၆ ဒသမ ၄၁ ရာခိုင်နှုန်းအထိရှိပြီး နှစ်စဉ်ထင်းလိုအပ်ချက် ကုဗတန် ၁၆ ဒသမ ၅၃ သန်းခန့် ရှိပါကြောင်း၊ အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်းတွင် တွက်ချက်မှုများအရ ကျေးလက် အိမ်ထောင်စု တစ်စုတွင် တစ်နှစ်ကို ထင်း ၂ ဒသမ ၅ ကုဗတန် အသုံးပြုနေပြီး မြို့ပြအိမ်ထောင်စုတစ်စုတွင် တစ်နှစ်ကို ထင်း ၁ ဒသမ ၄ ကုဗတန် အသုံးပြုနေသည်ဟု ခန့်မှန်းထားပါကြောင်း။
၂၀၁၇-၂၀၁၈ ခုနှစ်မှ စတင်အကောင်အထည်ဖော်လျက်ရှိသည့် မြန်မာနိုင်ငံသစ်တောများ ပြန်လည် တည်ထောင်ရေး ၁၀ နှစ် စီမံကိန်းမှာ ကျေးရွာထင်းစိုက်ခင်း ၁၀၄၅၆၃ ဧက တည်ထောင်မည်ဖြစ်ပြီး ယနေ့ အထိ ၂၁၄၃၆ ဧက တည်ထောင်ပြီးဖြစ်ပါကြောင်း၊ နှစ်စဉ်တစ်ရွာလျှင် အနည်းဆုံး ၂ ဧက စိုက်ပျိုးနိုင်ရေး အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ကျေးရွာများထိ လျှပ်စစ်ဓာတ်အားရောက်ရှိရေးမှာ အချိန်ကာလတစ်ခုအထိ လိုအပ်နေသေးသဖြင့် ထင်း၊ မီးသွေးကို စွမ်းအင်အဖြစ် သုံးစွဲနေကြရဦးမည်ဖြစ်ပါကြောင်း၊ ထင်း၊ မီးသွေးများကို သဘာဝတောမှသာ ထုတ်ယူသုံးစွဲခြင်းထက် ကျေးရွာအလိုက် ကိုယ်ပိုင်ထင်းစိုက်ခင်းများ တည်ထောင်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများက ကြီးကြပ်ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း။
မြန်မာနိုင်ငံတွင် သဘာဝဝါးတော ဧရိယာ ၄ ဒသမ ၄ သန်းကျော်ရှိပြီး ဝါးမျိုးစိတ် ၁၀၂ မျိုးရှိသည့်အနက် စီးပွားရေးအရ အရေးပါသည့် ဝါးမျိုးစိတ် ၁၈ မျိုးခန့်ရှိပါကြောင်း၊ နှစ်စဉ် ဝါးအလုံးရေ သန်း ၁၂၀ မှ ၁၈၀ အထိ ထုတ်လုပ်လျက်ရှိပါကြောင်း၊ စားသောက်ကုန် ၊ အိမ်ဆောက်လုပ်ခြင်း၊ ပရိဘောဂအမျိုးမျိုးအပြင် ကျန်းမာရေးအရ သင့်တော်သည့် ဝါးအမျှင် (Bamboo Fiber) မှ ထုတ်လုပ်သည့် အဝတ်အထည်များသည် လူကြိုက်များပြီး ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်ရောင်းချလျက်ရှိပါကြောင်း၊ ဝါးကို သဘာဝ တောများမှသာ ခုတ်ယူသုံးစွဲကြပြီး ပြန်လည်စိုက်ပျိုးမှု အနည်းငယ်သာရှိပါကြောင်း၊ ထို့ကြောင့် ဝါးသည် အဓိကကျသည့် သစ်တောထွက်ကုန်ပစ္စည်း တစ်မျိုးဖြစ်သဖြင့် စနစ်တကျထိန်းသိမ်းပြီး၊ စီးပွားရေးအရ ထုတ်လုပ်သုံးစွဲရန် ဝါးစိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့်တည်ထောင်စိုက်ပျိုးကြရန် လိုအပ်ပါကြောင်း။
သစ်ပင်သစ်တောများနှင့် ကောင်းမွန်သည့် သစ်တောဂေဟစနစ်များသည် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို စုပ်ယူသိုလှောင်ထားနိုင်သည့် သိုလှောင်ကန်ကြီးများလည်း ဖြစ်သည့်အတွက် ကားလမ်းဘေး လမ်းနယ်တစ်လျှောက်တွင် သစ်တောငယ်များ ဖန်တီးပေးခြင်းဖြင့် ကားများ ထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုကို လျော့ချနိုင်မည် ဖြစ်သကဲ့သို့ ရာသီဥတုပြောင်းလဲမှု လျော့ချရေးအတွက်လည်း အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အပံ့ဖြစ်စေသည့် အဖိုးတန်သယံဇာတအရင်းအမြစ်များ၊ သစ်ပင်သစ်တောများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းကာကွယ်သွားကြရမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထိန်းသိမ်း ဆောင်ရွက် နေစဉ်ကာလအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ မြေပေါ်မြေအောက် သဘာဝ သယံဇာတများ ထုတ်ယူသုံးစွဲမှုများကို လျော့ချပြီး တိုင်းပြည်၏ အရန်သယံဇာတအဖြစ် ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတုဖောက်ပြန်မှု ပြန်လည်မျှတရေး၊ နိုင်ငံပိုင်သစ်တောများ စိမ်းလန်းစိုပြည်ရေး၊ ကျေးရွာပိုင် ထင်းစိုက်ခင်းများတည်ထောင်ရေး၊ ပင်လယ်ကမ်းခြေဒေသများရှိ ဒီရေတော များ ပြန်လည်ထိန်းသိမ်းရေးတို့ကို အမျိုးသားတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များတွင် ပြည်သူများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဖိတ်ခေါ်အပ်ပါကြောင်း၊ ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများ၊ သဘာဝနယ်မြေများမှ သစ်တောသစ်ပင်များကို ထိန်းသိမ်းသည် သာမကဘဲ သစ်တောများပြင်ပမှ သစ်ပင်များ (Trees Outside Forest -ToF) နှင့် ဂေဟစနစ်များ၏ အရေးကြီးသည့် အခန်းကဏ္ဍကိုလည်း အထူးအလေးထား ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း။
မိမိတို့ မြန်မာလူမျိုးများသည် သစ်တောသစ်ပင်ချစ်ခင်မြတ်နိုးကြပြီး သစ်တောထိန်းသိမ်းရေးကို ရှေးကတည်းကပင် အသိစိတ်ဓာတ်ရှိပြီးသားဖြစ်ကြောင်း၊ ယခုကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ အရ လူသားအားလုံး သဘာဝဘေးအန္တရယ်များ တွေ့ကြုံ ခံစားနေရမှု လျော့ပါးသက်သာစေရေး၊ လိုက်လျောညီထွေရှိစေရေးအတွက် ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ အောင်မြင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း “တောတောင်ပျက်ပြုန်း၊ မြေဆီသုဉ်း၏” “ဥတုရာသီ ၊ တောကိုမှီ၏။” “ပူနွေးကမ္ဘာ၊ တားဆီးရာ၊ ဖြေရှာတစ်ခု၊ တောပြုစု” “သစ်တောတွေထိန်း ၊ တောတွေစိမ်းမှ၊ ငြိမ်းချမ်းပြည်ရွာ၊ နိုင်ငံသာ၏” ဆိုသည့် သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို ဖော်ညွှန်းထားသည့် ဆောင်ပုဒ်များကို အမြဲအလေးအထားပြီး သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်သွားကြမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့် Video Message နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင်ညွှန်ကြားရေးမှူးတို့၏ Video Message များကို ပြသခဲ့ပါသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများအား ဆုများပေးအပ် ချီးမြှင့်ရာတွင် ပထမဆုရရှိသည့် ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မြင့်၊ ဒုတိယဆုရရှိသည့် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေး၊ တတိယဆုရရှိသည့် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူ ဦးသန်းထွန်းတို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယင်းနောက် ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Video ကို ပြသပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာကာ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ ကြပါသည်။
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တက်ရောက်လာကြသူများသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။
0 comments