18
Jul

ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day) အထိမ်းအမှတ် အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနသည် ၂၆-၆-၂၀၂၁ ရက်နေ့တွင် ကျရောက်သော  ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အဖြစ် အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲကို “Cooling Champions: Cool Careers for a Better World” ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခုဖြစ်ဖို့ အအေးပေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက် နိုင်မည့် မျိုးဆက်သစ်ပညာရှင်များကို အားပေးမြှင့်တင်ကြစို့” ဟူသောဆောင်ပုဒ်ဖြင့် အအေးပေး နည်းပညာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကမ္ဘာအရပ်ရပ်ရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်များ၊ အမျိုးသား၊ အမျိုးသမီးကျွမ်းကျင်ပညာရှင် လူငယ်များ၏ အအေးပေးစနစ်ဆိုင်ရာ အခန်းကဏ္ဍကို အားပေး မြှင့်တင်ရန် ရည်ရွယ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ကပ်ရောဂါ ကန့်သတ်ချက်များနှင့်အညီ ၂၅-၆-၂၀၂၁ ရက်နေ့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၅၈)၊ အစည်းအဝေးခန်းမတွင် Video Conferencing ဖြင့်ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ရုံးချုပ်)၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်က ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် တတိယအကြိမ်မြောက် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့်  အိုဇုန်းလွှာပျက်စီးစေပြီး ကမ္ဘာကြီးပူနွေးမှုညွှန်းကိန်း မြင့်မားသည့် ဒြပ်ပစ္စည်းများ လျှော့ချသုံးစွဲနိုင်ရန်၊ စွမ်းအင်ကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်သည့် အအေးပေးစနစ်ဆိုင်ရာ နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ပိုမိုကောင်းမွန်သည့် ကမ္ဘာတစ်ခုဖြစ်လာစေရန်အတွက် ကဏ္ဍအသီးသီးမှ လေအေးပေးစနစ်ဆိုင်ရာ မျိုးဆက်သစ်ပညာရှင် များကို အားပေးမြှင့်တင်ပေးခြင်းဖြင့်  မျိုးဆက်သစ်ပညာရှင်များအနေဖြင့်လည်း မိမိတို့နားလည်  တတ်ကျွမ်းသည့် နည်းပညာများကို အဆင့်ဆင့်လက်ဆင့်ကမ်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ် (ရုံးခွဲ) များမှ ဝန်ထမ်းများ၊ အမျိုးသား အိုဇုန်းယူနစ် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် (Fed.MES) နှင့် လေအေးပေးစက်နှင့်ပတ်သက်သော စက်မှုလုပ်ငန်းရှင်များ အသင်း (နေပြည်တော်) စသည့် ဆက်စပ်အဖွဲ့အစည်းများ စုစုပေါင်း (၅၅) ဦးခန့် Video Conferencing ဖြင့်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။