02
Jan

အမျိုးသားအဆင့် ပလတ်စတစ်လုပ်ငန်းအစီအစဉ်ရေးဆွဲရေး နည်းပညာလုပ်ငန်းအဖွဲ့ တတိယအကြိမ်အစည်းအဝေးကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် (In-person/ Online) ဖြင့် ကျင်းပခြင်း

      မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ပလတ်စတစ်လုပ်ငန်းအစီအစဉ်ရေးဆွဲရေး နည်းပညာလုပ် ငန်းအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈)၊ အစည်းအဝေးခန်းမတွင် ၂၈-၁၂-၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး နည်းပညာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် နည်းပညာလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဒုတိယညွှန်ကြား‌ရေး မှူးချုပ် (ထိန်းချုပ်/သယံဇာတ)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်အသင်းများမှ ကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၊ တိုင်း ဒေသကြီး/ ပြည်နယ်များမှ ကိုယ်စားလှယ်များနှင့် ဂျပန် – အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံ ငွေ/ အာဆီယံဆိုင်ရာစီမံကိန်းမှ Deputy Leader Dr. Premakumara Jagath DICKELLA GAMARALALAGE, Project Evaluator PROF SADHAN K Ghosh နှင့် စီမံကိန်း အကြံပေးအရာရှိ ဒေါက်တာ ဒေါ်ဥမ္မာမေတင်လှိုင် စုစုပေါင်း (၇၅) ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် နည်းပညာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ပလတ်စတစ်ထုတ်လုပ်ခြင်းနှင့် သုံးစွဲ ခြင်းများသည် အရှိန်အဟုန်နဲ့တိုးတက်လာပြီး ယင်းသည်ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာတစ်ခုအဖြစ် ဦးတည်နေပါကြောင်း၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် ပတ်ဝန်းကျင်ရဲ့ နေရာအားလုံးအပေါ်သက်ရောက်မှုများရှိနေပြီး အထူးသဖြင့် အဏ္ဏဝါပတ်ဝန်းကျင် အပေါ်တွင် ဆိုးကျိုးများစွာဖြစ်ပေါ်​လျက်ရှိပါကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုသည် ဂေဟစနစ် များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတုနဲ့ လူသားတို့၏ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်နေမှုတစ်ခုဖြစ်ပါကြောင်း၊ ပလတ်စတစ်ထုတ်လုပ်သုံးစွဲမှုအတွက် ထိရောက်သော ထိန်းချုပ်မှုများမရှိပါက ပလတ်စတစ်ထုတ်လုပ်မှုဟာ အနှစ် ၂၀ အတွင်း နှစ်ဆ တိုးလာကာ သမုဒ္ဒရာထဲသို့ ပလတ်စတစ်ဝင်ရောက်မှုသည် ၂၀၄၀ ပြည့်နှစ်တွင် သုံးဆ တိုးလာ မည်ဟု ခန့်မှန်းထားကြပါကြောင်း၊ ယင်းမှာ နောင်မျိုးဆက်သစ်များအတွက် လက်မခံနိုင်သော ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်ပါ ကြောင်း၊ ၂၀၁၉ ခုနှစ် အာဆီယံထိပ်သီးညီလာခံတွင် အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်း နှင့် အာဆီယံမူဘောင်တို့ကို အတည်ပြုခဲ့ရာမှာ မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ခဲ့ပါကြောင်း၊ အဏ္ဏဝါအမှိုက်သရိုက် ညစ်ညမ်းမှု တိုက်ဖျက်ရေး ဆိုင်ရာ အာဆီယံဒေသတွင်း လုပ်ငန်းအစီအစဉ် (၂၀၂၁ -၂၀၂၅) ကိုလည်း ရေးဆွဲပြီးဖြစ်ရာ အဆိုပါ လုပ်ငန်းအစီအစဉ်မှာ ပါဝင်တဲ့လုပ်ငန်းစဉ် များကို အခြားအာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့လည်း ပလတ်စတစ်လုပ်ငန်း အစီအစဉ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် ဂျပန် – အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ ၏ နည်းပညာ အထောက်အပံ့ဖြင့် “အာဆီယံနိုင်ငံများတွင် နိုင်ငံအဆင့် အဏ္ဏဝါအမှိုက်သရိုက်လျှော့ချရေး လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း နှင့် ဘက်စုံစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်း ဒေသတွင်း စီမံကိန်း (Phase II)” အား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ကုန်အထိကို ဆောင်ရွက်ခဲ့ပြီး အမျိုးသားအဆင့်ပလတ်စတစ်လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအစည်း အဝေးတွင် မူကြမ်းအဖြစ်ရေးဆွဲထားသည့် အမျိုးသားအဆင့်ပလတ်စတစ်လုပ်ငန်း အစီအစဉ်ပါ အချက်များနှင့်ပတ်သက်ပြီး အဓိကပါဝင်ဆောင်ရွက်ရမည့် ဌာနဆိုင်ရာများအနေဖြင့် ဆွေးနွေးအကြံပြုပေးကြရန် ပြောကြားခဲ့ပါသည်။

ထို့နောက် နည်းပညာလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ထိန်းချုပ်/သယံဇာတ) က စီမံကိန်း၏ နောက်ခံအကြောင်းအရာများ၊ ယခင်ဆောင်ရွက်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အမျိုးသားအဆင့်ပလတ်စတစ်လုပ်ငန်း အစီအစဉ် (မူကြမ်း) ပါ ရည်မှန်းချက်များ၊ မဟာဗျူဟာများ နှင့်လုပ်ငန်းများ၊ တာဝန်ရှိအဖွဲ့အစည်းနှင့်လုပ်ငန်းများ နှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ အား ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်ပြီး အမျိုးသားအဆင့် ပလတ်စတစ်လုပ်ငန်းအစီအစဉ်ရေးဆွဲရေး နည်းပညာ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် အစည်းအဝေးတက်ရောက်သူများက အမျိုးသားအဆင့် ပလတ်စတစ် လုပ်ငန်း အစီအစဉ် (မူကြမ်း) ပါ အခန်းအလိုက် ပါဝင်သည့် အချက်များကို အသေးစိပ်ဆွေးနွေး အကြံပြုကြပြီး အစည်းအဝေးအား ညနေ (၁၅:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။