07
Dec

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အမှုထမ်းများ အခြေခံသင်တန်း အမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဦးစီးမှူးအဆင့် အမှုထမ်း(၈၁)ဦးတို့အား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးအတွက်   အမှုထမ်းများ အခြေခံသင်တန်း အမှတ်စဉ်(၁၄)  ဖွင့်ပွဲ အခမ်းအနားကို  (၆-၁၂-၂၀၂၁) ရက်နေ့ နံနက် (၀၉း၀၀) နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)၊ အစည်းအဝေးခန်းမ၌ Video Conference စနစ်ဖြင့် ကျင်းပခဲ့ရာ   အဆိုပါအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးလှမောင်သိန်း တက်ရောက်၍အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသ ကြီး/ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်း တာဝန်ခံများနှင့် သင်တန်းသား/သူများအပါအဝင် စုစုပေါင်း(၅၀)ဉီးသည်   ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော Covid-19 လမ်းညွှန်ချက်နှင့်အညီ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးလှမောင်သိန်းက “ယနေ့ကမ္ဘာပေါ်တွင် တိုးတက်များပြားလာသည့် လူသားများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးကို ဦးတည်ပြီး ပတ်ဝန်းကျင်ကို အလေးဂရုပြု ထိန်းသိမ်းခြင်းမပြုဘဲ သဘာဝအရင်းအမြစ်များကို အလွန်အကျွံ ထုတ်ယူသုံးစွဲခဲ့ကြရာမှ  ကမ္ဘာတစ်ဝန်းမှာ သဘာဝသယံဇာတများ ပျက်စီးယိုယွင်းလာမှု၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးပျောက်ကွယ်လာမှု၊ မြေဆီလွှာပြုန်းတီးမှု၊ သဲကန္တာရ ဖြစ်ထွန်းလာမှု၊ ကမ္ဘာကြီးပူနွေးလာမှု နှင့် ရာသီဥတုပြောင်းလဲမှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ အိုဇုန်းလွှာပျက်စီးမှု၊ ရေ၊ မြေ၊ လေညစ်ညမ်းမှု စသည့်ပတ်ဝန်းကျင် ပြဿနာများကို တစ်နေ့ထက် တစ်နေ့ ပိုမိုရင်ဆိုင်လာကြရပြီး၊ ရေရှည်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအဟန့်အတားဖြစ်လျှက်ရှိပါကြောင်း၊  ထို့ကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးလုပ်ငန်းများကို ဦးစားပေးကဏ္ဍ တစ်ရပ်အနေဖြင့် အလေးပေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊

လူသားတို့ရဲ့ ပယောဂကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ အကျိုးဆက်အနေနဲ့ ဥပမာအားဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှစ၍ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ စတင်ခံစားခဲ့ရပြီး လူသားတို့ရဲ့ အသက်သန်းပေါင်းများစွာဆုံးရှုံးမှုနှင့် ဆိုးရွားပြင်းထန်စွာ ခံစားခဲ့ရတာ အားလုံးအသိဘဲဖြစ်ပါကြောင်း၊  ကူးစက်ရောဂါများ ပြန့်ပွားရတဲ့အဓိကအကြောင်းအရင်း တစ်ရပ်က သဘာဝပတ်ဝန်းကျင် ဂေဟစနစ်နဲ့ ဇီဝမျိုးစုံမျိုးကွဲများ ယိုယွင်းပျက်စီးမှုကြောင့်ဖြစ်ကြောင်း၊

အဆိုပါပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာပတ်ဝန်းကျင် ဆိုင်ရာ သဘောတူညီချက်များ၊ ကွန်ဗင်းရှင်းများ ထုတ်ပြန်၍ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) မှ ဦးဆောင်၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊  မြန်မာနိုင်ငံအနေနဲ့လည်း သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက် နိုင်ရန် ၁၉၉၀ ပြည့်နှစ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မရှင်ကို လည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကို ၂၀၁၆ခုနှစ်တွင်   သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲသတ်မှတ်၍လည်းကောင်း၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီကို အစိုးရ အဆက်ဆက် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ယခုအစိုးရလက်ထက်မှာလည်း    ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖြစ် ပြင်ဆင်ဖွဲ့စည်း၍လည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကဏ္ဍအားလုံးတွင် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊

စွမ်းဆောင်ရည်နှင့်စပ်လျဉ်း၍ “စွမ်းဆောင်ရည်ရှိသော လူ့စွမ်းအားအရင်းအမြစ်များဖြင့် ခိုင်မာ သည့် အုပ်ချုပ်မှုစနစ်နှင့် လုပ်ငန်းစဉ်များတည်ထောင်ပြီး စွမ်းဆောင်ရည်မြင့်မားသည့် ပတ်ဝန်းကျင် စီမံအုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်းဖြစ်စေရန်” ဟူသည့် ဌာနရဲ့မဟာဗျူဟာရည်မှန်းချက်နှင့်အညီ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျှက်ရှိရာ ယနေ့ဖွင့်လှစ်သည့် ဌာနတွင်းလုပ်ငန်းစဉ်မွမ်းမံသင်တန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊

ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများကို ကောင်းမွန်စွာ သိရှိနားလည်ခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်နှင့် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန် ရည်ရွယ်ပြီး ဌာနတွင်းမွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ ဌာနတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လူ့စွမ်းအားအရင်းအမြစ်ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါလှကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် တိုးပွားလာတာနဲ့အမျှ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည် တိုးတက်လာဖို့လိုအပ်ပြီး၊ တစ်ဦးချင်းစီ၏ လုပ်ငန်းကျွမ်းကျင်မှုရှိမှသာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်မြင့်မားလာမှာဖြစ်တဲ့အတွက်  ဌာနတွင်း လုပ်ငန်းခွင် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချပေးတာဖြစ်ကြောင်း၊ သင်တန်းမှရရှိလာမယ့် အကျိုး ကျေးဇူးတွေအနေနဲ့ သင်ကြားခဲ့တဲ့ဘာသာရပ်တွေဟာ ဌာနရဲ့ ပင်မလုပ်ငန်းများမှာအသုံးချနိုင်ရုံသာမက ဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်းများမှာ ပြန်လည်အသုံးချနိုင်မှာဖြစ်ကြောင်း၊

နိုင်ငံဝန်ထမ်းများအနေနဲ့ ဝန်ထမ်း တစ်ဦးဖြစ်လာရင် နိုင်ငံတော်ကပေးအပ်တဲ့ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် တာဝန်ရှိသလို နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြား ချက်များ၊ ဝန်ထမ်းရေးရာကိစ္စ၊ ငွေစာရင်းကိစ္စ၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စ များကို ကျေကျေညက်ညက် နားလည် သိရှိလိုက်နာဖို့လည်း လိုအပ်ပါကြောင်း၊

နိဂုံးချုပ်အနေဖြင့် နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်များကို လိုက်နာပြီး စည်းကမ်းပြည့်ဝတဲ့ ဝန်ထမ်းကောင်းများပီသစွာကျင့်ကြံနေထိုင်ကြဖို့နဲ့  မိမိတို့ဘက်မှ အဂတိ တရား ကင်းရှင်းစွာနဲ့ မှန်မှန်ကန်ကန် တာဝန်ကျေေစွာ ထမ်းဆောင် သွားကြပါလို့ တိုက်တွန်းပြောကြားလို ပါကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။

အခမ်းအနားကို နံနက် (၁၀း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။