14
May

အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းတစ်မျိုးဖြစ်သည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs/ R-22) သုံး မြင်းကောင်ရေ (၂.၅)နှင့်အောက် အင်အားရှိ လေအေးပေးစက် (HCFCs/R-22 based split and window type air conditioner equipment)များ ပြည်တွင်းသို့ တင်သွင်းမှုကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ တားမြစ်သည့်အမိန့် ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံသည်အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးဆိုင်ရာဗီယင်နာကွန်ဗင်းရှင်း(၁၉၈၅)၊ အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် (၁၉၈၇)နှင့် ယင်း၏နောက်ဆက်တွဲပြင်ဆင်ချက်များတွင် အဖွဲ့ဝင်အဖြစ်ပါဝင်လက်မှတ်ရေးထိုးကာ ကမ္ဘာ့နိုင်ငံများနည်းတူ အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်း သုံးစွဲမှုကို ကန့်သတ်ထိန်းချုပ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်းတစ်မျိုးဖြစ်သည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs)သုံးစွဲမှု လျှော့ချရပ်ဆိုင်း ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၃)၏ ဆုံးဖြတ်ချက်အရ အဓိကလုပ်ငန်းစဉ်(၅)ရပ် ပါဝင်သည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် သုံးစွဲမှုလျှော့ချ ရပ်ဆိုင်းရေး စီမံခန့်ခွဲမှု စီမံကိန်း (Hydrochlorofluorocarbons HCFCs Phase-out Management Plan-HPMP)ကို ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ နည်းပညာအကူအညီဖြင့် အကောင်အထည်ဖော် လျက်ရှိပါသည်။

            အဆိုပါစီမံကိန်းအရ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်(HCFCs/R-22) ဒြပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းအသုံးပြုခြင်းအား  ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်နီးပါး လျှော့ချ၍ ၁.၉၅ မက်ထရစ်တန်ကိုသာ ခွင့်ပြုတော့မည်ဖြစ်ပြီး ၂၀၄၀ ပြည့်နှစ်တွင်  အပြီးသတ်ရပ်ဆိုင်းနိုင်ရန် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအမိန့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၅-၄-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၁၄)ဖြင့် ထုတ်ပြန်ခဲ့ပြီး ဒြပ်ပစ္စည်းများ တင်သွင်းခြင်းကို နှစ်စဉ်ခွဲတမ်းစနစ်၊ လိုင်စင်စနစ် တို့ဖြင့် ကန့်သတ်ထိန်းချုပ် ဆောင်ရွက်လျက်ရှိပါသည်။

            ယင်းသို့ဆောင်ရွက်ရာတွင် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်(HCFCs/R-22) ဒြပ်ပစ္စည်း တင်သွင်းသုံးစွဲမှုကိုသာ ကန့်သတ်ပြီး ၎င်းဒြပ်ပစ္စည်း အသုံးပြုသည့် စက်ပစ္စည်းများ တင်သွင်း အသုံးပြုခြင်းကို ကန့်သတ်ထိန်းချုပ်နိုင်ခြင်း မရှိပါက အဆိုပါ စက်ပစ္စည်းများအတွက် ဒြပ်ပစ္စည်း လိုအပ်ချက်များမြင့်တက်လာခြင်း၊ စျေးကွက်အတွင်း၌ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) ဒြပ်ပစ္စည်း တရားမဝင်တင်သွင်းမှုနှင့် တရားမဝင်စျေးကွက်များ ဖြစ်ပေါ်လာစေကာ ထိန်းချုပ်ရန် အလွန်ခက်ခဲစေမည်ဖြစ်၍ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဒုတိယသမ္မတ(၁) နာယကအဖြစ် ဦးဆောင်သည့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) သုံးစွဲမှု လျှော့ချရပ်ဆိုင်းရေး စီမံခန့်ခွဲမှုစီမံကိန်း လုပ်ငန်းများကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ပူးပေါင်းမှုဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန်မှုခံယူခဲ့ပါသည်။

            လမ်းညွှန်မှုအရ HPMP စီမံကိန်း၏လုပ်ငန်းစဉ်(၂)ဖြစ်သော ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) အဓိကအသုံးပြုသည့် မြင်းကောင်ရေ ၂.၅ နှင့် အောက်အင်အားရှိ လေအေးပေးစက် (HCFCs/R-22 based split and window type air conditioner equipment)များ တင်သွင်းခြင်း ကို တားမြစ်ကန့်သတ်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ်မှစ၍သက်ဆိုင်ရာဌာနများ၊ ဆက်စပ်ပတ်သက်သူ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းအစည်းအဝေးများ၊ အလုပ်ရုံဆွေနွေးပွဲများ ပြုလုပ်ခြင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေ့ချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ သဘောထားမှတ်ချက် ရယူခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပါသည်။

           ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဒုတိယသမ္မတ(၁) ဦးဆောင်သည့် အမျိုးသား အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ နဝမအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs/R-22) အသုံးပြုသည့် မြင်းကောင်ရေ ၂.၅ နှင့် အောက် အင်အားရှိ လေအေးပေးစက် (HCFCs/R-22 based split and window type air conditioner equipment) များ ပြည်တွင်းသို့တင်သွင်းမှုကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စ၍တားမြစ်သည့်အမိန့်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၈/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

          ဤအမိန့်ကြော်ငြာစာအရ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs/ R-22) အသုံးပြုသည့် မြင်းကောင်ရေ ၂.၅ နှင့် အောက်အင်အားရှိ လေအေးပေးစက်များကိုသာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပြည်တွင်းသို့တင်သွင်းခြင်းကို တားမြစ်ကန့်သတ်ခြင်းဖြစ်ပါသည်။ ယင်းနေ့မတိုင်မီ တင်သွင်းထားပြီးဖြစ်သော ဖော်ပြပါအမျိုးအစား လေအေးပေးစက်များ ရောင်းဝယ်ခြင်း၊ တပ်ဆင် အသုံးပြုခြင်းတို့ကို ကန့်သတ်ခြင်း မဟုတ်ပါ။ အလားတူ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs/R-22) မဟုတ်သည့် အခြားဒြပ်ပစ္စည်းများ အသုံးပြုသော မြင်းကောင်ရေ ၂.၅ နှင့် အောက် အင်အားရှိ လေအေးပေးစက်များ တင်သွင်းအသုံးပြုခြင်းတို့နှင့်လည်း လုံးဝသက်ဆိုင်မည်မဟုတ်ပါ။

          ကမ္ဘာ့နိုင်ငံများအားလုံးက ကန့်သတ်ထိန်းချုပ်လျက်ရှိသည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs/ R-22) အသုံးပြုသော လေအေးပေးစက်များ နိုင်ငံအတွင်း စုပုံရောက်ရှိခြင်း၊ ဟိုက်ဒရို ကလိုရိုဖလူရိုကာဗွန် (HCFCs) ဒြပ်ပစ္စည်း လိုအပ်ချက်များ မြင့်တက်ခြင်း၊ တရားမဝင်တင်သွင်းမှု နှင့် တရားမဝင်စျေးကွက်များဖြစ်ပေါ်ခြင်းတို့ မရှိစေရေးအတွက် အထက်ဖော်ပြပါ တားမြစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

          တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၂ အရ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

                                                                                                                                                                                      ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန