07
Sep

HCFC-22/R-22 အပါအဝင် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) အသုံးပြုသည့် မြင်းကောင်ရေ ၂.၅ (21000 BTU/hr) နှင့်အထက် စွမ်းအား (Capacity) ရှိသည့် လေအေးပေးစက်နှင့် အကြီးစားစက်ပစ္စည်းများဖြစ်သည့် လုပ်ငန်းသုံး ရေခဲသေတ္တာများ (Commercial Refrigerator) ၊ အေးခဲသိုလှောင်ခန်းများ (Cold Storage) ၊ အေးခဲစက်များ (Chiller) ပြည်တွင်းသို့ တင်သွင်းမှုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ တားမြစ်သည့်အမိန့် ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (၁၉၈၅)၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် (၁၉၈၇) နှင့် လန်ဒန်ပြင်ဆင်ချက် (၁၉၉၀) တို့တွင် ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့၌လည်းကောင်း၊ ကိုပင်ဟေဂင်ပြင်ဆင်ချက် (၁၉၉၂) တွင် ၂၀၀၉ ခုနှစ် မေလ ၂၂ ရက်နေ့၌လည်းကောင်း၊ မွန်ထရီရယ်ပြင်ဆင်ချက် (၁၉၉၇) နှင့် ပေကျင်းပြင်ဆင်ချက် (၁၉၉၉) တို့တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀  ရက်နေ့၌ လည်းကောင်း အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်၏ ပြင်ဆင်ချက်များအနက် မြန်မာနိုင်ငံမှ ဝင်ရောက်ရန်ကျန်ရှိနေသည့် ကီဂါလီပြင်ဆင်ချက်သို့ မကြာမီကာလအတွင်းတွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်နိုင်ရေးကို အခြားကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ကြိုးစားဆောင်ရွက်လျက်ရှိပြီး အိုဇုန်းလွှာပျက်စီးစေသောအဓိကဒြပ်ပစ္စည်းဖြစ်သည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC-22/R-22) သုံးစွဲမှုလျှော့ချရပ်ဆိုင်းရေးစီမံခန့်ခွဲမှု လုပ်ငန်းစီမံကိန်း (Hydrochlorofluorocarbons (HCFCs) Phase-out Management Plan-HPMP) ကို ၂၀၁၃ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၃) ၏ သဘောတူဆုံးဖြတ်ချက်အရ  ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ နည်းပညာအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။

အဆိုပါစီမံကိန်းအရ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC-22/R-22) ဒြပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းအသုံးပြုခြင်းအား ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်နီးပါးလျှော့ချ၍ ၁.၉၅ မက်ထရစ်တန်ကိုသာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်ပြီး ၂၀၄၀ ပြည့်နှစ်တွင် အပြီးသတ်ရပ်ဆိုင်းသွားမည်ဖြစ်ပါသည်။  “အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအမိန့်” ကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၅-၄-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၁၄) ဖြင့် ထုတ်ပြန်ခဲ့ပြီး (HCFC-22/R-22) တင်သွင်းသုံးစွဲမှုကို လျှော့ချရပ်ဆိုင်းနိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၁၅ ခုနှစ်မှစ၍ အခြေခံသတ်မှတ်ချက်နှင့်အညီ နှစ်စဉ် လိုင်စင်စနစ်၊ ခွဲတမ်းစနစ်ဖြင့် သင်္ဘောတင်ပစ္စည်းကိုသာ စိစစ်ခွင့်ပြုလျက်ရှိပါသည်။

ယင်းသို့ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC-22/R-22) တင်သွင်းသုံးစွဲမှု လျှော့ချရပ်ဆိုင်းရေးကို ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံအတွင်း ရေခဲသေတ္တာနှင့် လေအေးပေးစက်သုံးစွဲမှုပမာဏ အဆမ တန် မြင့်တက်လာလျက်ရှိပြီး ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC-22/R-22) အစား အခြားအစားထိုး ဒြပ်ပစ္စည်းများကိုအသုံးပြုသည့် စက်ပစ္စည်းများ တင်သွင်းရောင်းချမှုရှိသော်လည်း ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFC-22/R-22) အသုံးပြုသည့် စက်ပစ္စည်းများလည်း ဈေးကွက်အတွင်း ပမာဏ များပြားစွာ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် အနေအထားတွင် ရှိနေသည်ကို စိစစ်တွေ့ရှိရပါသည်။

“ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC-22/R-22) အသုံးပြုသည့် လေအေးပေးစက် (Split type and window type air conditioners) များ ပြည်တွင်းသို့  တင်သွင်းမှုကို ကန့်သတ်ရန်” နှင့်စပ်လျဉ်း၍ အဆောက်အဦများတွင် တပ်ဆင်သည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC-22/R-22) အသုံးပြုသည့် မြင်းကောင်ရေ ၂.၅ အောက် အင်အားရှိ လေအေးပေးစက် (Split type and window type air conditioners) များ ပြည်တွင်းသို့  တင်သွင်းမှုကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ တားမြစ်သည့်အမိန့်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၎င်းအပြင် HCFC-22/R-22 အပါအဝင် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) အသုံးပြုသည့် မြင်းကောင် ရေ ၂.၅ (21000 BTU/hr) နှင့်အထက် စွမ်းအား (Capacity) ရှိသည့် လေအေးပေးစက် နှင့် အကြီးစား စက်ပစ္စည်းများဖြစ်သည့် လုပ်ငန်းသုံးရေခဲသေတ္တာများ (Commercial Refrigerator) ၊ အေးခဲသိုလှောင်ခန်းများ (Cold Storage) ၊ အေးခဲစက်များ (Chiller) ပြည်တွင်းသို့ တင်သွင်းခြင်းအား တားမြစ် ကန့်သတ်နိုင်ခြင်းမရှိပါက အခြားနိုင်ငံများတွင် အသုံးပြုခြင်းမရှိတော့သည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) အသုံးပြုသည့် စက်ပစ္စည်းများ မိမိနိုင်ငံအတွင်း စုပြုံဝင်ရောက်လာနိုင်သည့်အပြင် လက်ရှိ တပ်ဆင်ပြီးဖြစ်သည့် စက်ပစ္စည်းများ၏ သက်တမ်းမှာ ၅ နှစ် မှ ၁၀ နှစ်အတွင်း ဖြစ်၍ ၂၀၄၀ ပြည့်နှစ် တွင် HCFCs ဒြပ်ပစ္စည်းများ လုံးဝရပ်ဆိုင်းပြီးချိန်အထိ စက်ပစ္စည်းများ များပြားစွာ ဆက်လက်သုံးစွဲနေမှုကြောင့် HCFCs ဒြပ်ပစ္စည်း လိုအပ်ချက်မြင့်မားနေပြီး တရားမဝင် တင်သွင်းမှုများ၊ တရားမဝင်ဈေးကွက် များ ဖြစ်ပေါ်လာနိုင်ကာ ထိန်းချုပ်ရန် ခက်ခဲစေမည် ဖြစ်ပါသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်းဖြစ်သည့် HCFC-22/R-22 အပါအဝင် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) အသုံးပြုသည့် မြင်းကောင်ရေ ၂.၅ (21000 BTU/hr) နှင့်အထက် စွမ်းအား (Capacity) ရှိသည့် လေအေးပေးစက် နှင့် အကြီးစားစက်ပစ္စည်းများဖြစ်သည့် လုပ်ငန်းသုံး ရေခဲသေတ္တာများ (Commercial Refrigerator) ၊ အေးခဲသိုလှောင်ခန်းများ (Cold Storage) ၊ အေးခဲစက်များ (Chiller) ပြည်တွင်းသို့တင်သွင်းမှုကို တားမြစ်ကန့်သတ်ခြင်းကို ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ အမျိုးသားအိုဇုန်းယူနစ်အဖွဲ့ဝင်များ၊ အအေးပေးလုပ်ငန်းရှင်များ နှင့် ညှိနှိုင်းအစည်း အဝေးများပြုလုပ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးလုပ်ငန်း ကော်မတီအစည်းအဝေး၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာဗဟိုကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းကော်မတီ အစည်းအဝေးများတွင် ဆွေးနွေးတင်ပြခြင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဌာနများ နှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များသို့ သဘောထားမှတ်ချက်များ ရယူခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးမှုများနှင့် သဘောထားမှတ်ချက်များနှင့်အညီ အိုဇုန်းလွှာထိခိုက်ပျက်စီးမှုကို ထိန်းချုပ် ကာကွယ်နိုင်ရန် အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်းဖြစ်သည့် HCFC-22/R-22 အပါအဝင် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) အသုံးပြုသည့် မြင်းကောင်ရေ ၂.၅ (21000 BTU/hr) နှင့်အထက် စွမ်းအား (Capacity) ရှိသည့် လေအေးပေးစက် နှင့် အကြီးစားစက်ပစ္စည်းများ ဖြစ်သည့် လုပ်ငန်းသုံး ရေခဲသေတ္တာများ (Commercial Refrigerator) ၊ အေးခဲသိုလှောင်ခန်းများ (Cold Storage) ၊ အေးခဲစက်များ (Chiller) ပြည်တွင်းသို့တင်သွင်းမှုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ မှစ၍ တားမြစ်သည့် အမိန့်ကြော်ငြာစာကို ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ ၉ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၁/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ဤအမိန့်ကြော်ငြာစာအရ (HCFC-22/R-22) အပါအဝင် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) အသုံးပြုသည့် မြင်းကောင်ရေ ၂.၅ (21000 BTU/hr) နှင့်အထက် စွမ်းအား (Capacity) ရှိအကြီးစား စက်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းမှု ကန့်သတ်ရာတွင် စတင်တားမြစ်သည့်နေ့မှစ၍ စက်ပစ္စည်း အသစ်များ ပြည်တွင်းသို့ တင်သွင်းမှုကိုသာ ကန့်သတ်တားမြစ်ခြင်းဖြစ်ပါသည်။ ယင်းနေ့မတိုင်မီ တင်သွင်းထားပြီးဖြစ်သည့် HCFCs သုံး စက်ပစ္စည်းများကို ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ရာ လုပ်ငန်းရှင်များအတွက် စက်ပစ္စည်း၏ သက်တမ်းကာလအတွင်း ဖော်ပြပါအမျိုးအစား လေအေးပေးစက်များ ရောင်းဝယ်ခြင်း၊ တပ်ဆင်အသုံးပြုခြင်းတို့ကို ကန့်သတ်ခြင်း မဟုတ်ပါ။ အလားတူ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC) မဟုတ်သည့် အခြားဒြပ်ပစ္စည်းများ အသုံးပြုသော မြင်းကောင်ရေ ၂.၅ (21000 BTU/hr) နှင့်အထက် စွမ်းအား (Capacity) ရှိအကြီးစား စက်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းအသုံးပြုခြင်းတို့နှင့်လည်း လုံးဝသက်ဆိုင်မည် မဟုတ်ပါ။

ကမ္ဘာ့နိုင်ငံများအားလုံးက ကန့်သတ်ထိန်းချုပ်လျက်ရှိသည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC-22/ R-22) အသုံးပြုသော လေအေးပေးစက်များ နိုင်ငံအတွင်း စုပုံရောက်ရှိခြင်း ၊ ဟိုက်ဒရိုကလိုရိုဖလူရို ကာဗွန် (HCFCs) ဒြပ်ပစ္စည်း လိုအပ်ချက်များ မြင့်တက်ခြင်း၊ တရားမဝင်တင်သွင်းမှု နှင့် တရားမဝင် ဈေးကွက်များ ဖြစ်ပေါ်ခြင်းတို့ မရှိစေရေးအတွက် အထက်ဖော်ပြပါ တားမြစ်ချက်ကို လိုက်နာဆောင်ရွက် ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၂၊ ၃၃ ၊ ၃၄  အရ အရေးယူခြင်းခံရမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန