16
Sep

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားအတွက် သတင်းထုတ်ပြန်ချက် (ရုံးအမှတ် (၅၈)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်)

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သော  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ရုံးအမှတ် (၅၈)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ နေပြည်တော်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွါးမှုကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အမှုထမ်း/ အရာထမ်းများ၊ မြန်မာနိုင်ငံ အိုဇုန်းယူနစ်အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ လေအေးပေးစက်ဆိုင်ရာပညာရှင်အသင်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၁၀) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း တက်ရောက်၍ အဖွင့်မှာစကားပြောကြားရာတွင်- မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်များတွင် အဖွဲ့ဝင်ဖြစ်ပြီး အဆိုပါ စာချုပ်၏ ပြင်ဆင်ချက် ၄ ခု ဖြစ်သော လန်ဒန်ပြင်ဆင်ချက်၊ ကိုပင်ဟေဂင်ပြင်ဆင်ချက်၊ မွန်ထရီရယ်ပြင်ဆင်ချက်၊ ပေကျင်း ပြင်ဆင်ချက်များတွင်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အိုဇုန်းလွှာ ထိန်းသိမ်းရေးလုပ်ငန်းစဉ်များနှင့် လိုက်နာရမယ့် ကတိကဝတ်တွေကို အပြည့်အဝ လိုက်နာဆောင်ရွက် လျက်ရှိပါကြောင်း၊ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်၏ ပဉ္စမမြောက်ပြင်ဆင်ချက်ဖြစ်သည့် ကီဂါလီ ပြင်ဆင်ချက်ကို အိုဇုန်းလွှာထိခိုက်မှုမရှိသလောက်နည်းသော်လည်း ကမ္ဘာ့ပူနွေးမှုအလားအလာ မြင့်မားသော မှန်လုံအိမ်ဓာတ်ငွေ့ဖြစ်သည့် ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) ကို လျှော့ချနိုင်ရန် ရည်ရွယ်ချက်နှင့် ၂၀၁၆ ခုနှစ်မှာ စတင်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ (HFCs) ကို ထိန်းချုပ်ကန့်သတ်နိုင်ခြင်းဖြင့် လာမည့် ၂၁၀၀ ပြည့်နှစ်အရောက်တွင် တိုးလာနိုင်သည့် ကမ္ဘာ့အပူချိန်ပမာဏအနက် ၀.၅ ဒီဂရီစင်တီဂရိတ် လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်သည့် အကျိုးကျေးဇူးများရရှိမှာဖြစ်ပြီး  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်- ၂၀၃၀ ကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊ လက်ရှိအချိန်ထိ ကီဂါလီပြင်ဆင်ချက်ကို နိုင်ငံပေါင်း ၁၆၀ မှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားပြီး မြန်မာနိုင်ငံအနေဖြင့် ကီဂါလီပြင်ဆင်ချက်မှာ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ထရီရယ်သဘောတူစာချုပ် အဖွဲ့ဝင် ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများ တင်သွင်းမှုကို ထိန်းချုပ်ကန့်သတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အိုဇုန်းလွှာပျက်စီးစေတဲ့ အအေးပေးပစ္စည်းများသုံးစွဲမှု လျှော့ချခြင်းတို့ကို ကမ္ဘာ့နိုင်ငံများနည်းတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို ပြည်သူတစ်ဦး တစ်ယောက်ချင်းကလည်း တက်ညီလက်ညီပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် ရည်မှန်းချက်ပန်းတိုင်သို့ ချောမွေ့အောင်မြင်စွာ ရောက်ရှိနိုင်မှာဖြစ်သောကြောင့် အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ဆိုင်ရာကိစ္စရပ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါကြောင်း ပြောကြားပါသည်။
ထို့နောက်တွင် အမြဲတမ်းအတွင်းဝန်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူ တာရပ်စ်၏ သဝဏ်လွှာကို ဖတ်ကြားသည့် Video ၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Inger Andersen ၏ Memorial Video ၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အသိပညာပေး Video ပြသခြင်းအစီအစဉ်များအား ကြည့်ရှုအားပေးခြင်းနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အမြဲတမ်းအတွင်းဝန်သည် အိုဇုန်းအသိပညာပေးပြခန်းများကို လှည့်လည်ကြည့်ရှု ခဲ့ပါသည်။ တစ်ချိန်တည်းတွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် အသိပညာပေး လက်ကမ်းစာစောင်များအား ပြည်နယ်နှင့်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးများကလည်း ပြည်သူလူထုထံ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။