07
Sep

၂၀၂၄ ခုနှစ် ပဥ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ ( International Day of Clean Air for Blue Skies) အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် (၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်)

၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုနှစ် အထိမ်းအမှတ်နေ့ဆောင်ပုဒ်မှာ “သန့်ရှင်းသော လေရရှိဖို့ ရင်းနှီးမြှုပ်နှံမှု စတင်စို့”ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့် လူသားတို့၏ ကျန်းမာရေးကို သိသိသာသာထိခိုက်နေသည့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်နိုင်ရန်အတွက် ပိုမိုခိုင်မာသည့် ပူးပေါင်းဆောင်ရွက်ဖြေရှင်းမှုများတွင် ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ ခိုင်မာသည့် မူဝါဒများချမှတ်နိုင်ရေး၊ ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ တာဝန်ခွဲဝေယူမှုများကို အလေးထား ဆောင်ရွက်ရေးအတွက် ရည်ရွယ်ပါကြောင်း၊ လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့်အပြင် လေထုညစ်ညမ်းမှုကြောင့် ရာသီဥတုပြောင်းလဲမှု ဆိုးဝါးစေပြီး စိုက်ပျိုးသီးနှံထွက်နှုန်းများ ကျဆင်းလာခြင်း၊ သီးနှံများ၏ ကြီးထွားနှုန်း လျော့နည်းလာပြီး အဟာရဖြစ်မှုတန်ဖိုးလည်း လျော့ကျစေနိုင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် လေထုအရည်အသွေးများရှိသော ပတ်ဝန်းကျင်ရရှိစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လေထုအရည်အသွေးစံချိန်စံညွှန်းများ ရေးဆွဲထုတ်ပြန်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မှန်လုံအိမ်ဓာတ်ငွေ့နှင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ကာဗွန်ထုတ်လွှတ်မှုနည်းသော အစိမ်းရောင်နည်းပညာများ ပိုမိုကျယ်ပြန့်စွာ အသုံးပြုရေး၊ မြို့ပြတည်ဆောက်ရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် နည်းပညာသစ်များ အသုံးပြုနိုင်ရေး၊ သစ်တောနှင့် ‌ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ရေးများတွင် ဌာန၊ အဖွဲ့အစည်းနှင့် ပြည်သူအားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ လေထုညစ်ညမ်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်ပါက ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ကွယ်ဆုံးရှုံးမှုတို့ကို ဖြေရှင်းနိုင်မည့်အပြင် မိမိတို့၏ သားစဉ် မြေးဆက်အတွက် သန့်ရှင်းသော လေထု၊ ကောင်းမွန်သောသဘာဝပတ်ဝန်းကျင်နှင့်အတူ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း လက်ဆင့်ကမ်းအမွေပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် ဗီဒီယိုအား ပြသပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက ပြသထားသော အထိမ်းအမှတ် ပိုစတာများအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်း ရရှိပါသည်။