အရာထမ်းများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ်(၁၉) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း
အရာထမ်းများပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ် (၁၉) သင်တန်း ဆင်းပွဲအခမ်းအနားကို ၁၂-၁၂-၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၅:၀၀) အချိန်တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)၌ ကျင်းပပြုလုပ်ခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြ ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်ပေးခဲ့ပြီး အရာထမ်းလောင်း (အထူး) သင်တန်းအမှတ်စဉ် (၁၄) တက်ရောက်ပြီးစီး၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် ခန့်အပ်ခြင်း ခံရသည့် ဦးစီးအရာရှိ (၂၆) ဦးနှင့် တက်ရောက်ရန်ကျန်ရှိသည့် ဦးစီးအရာရှိ (၁၈) ဦး စုစုပေါင်း (၄၄) ဦးတို့အား လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အဂတိတရား ကင်းရှင်းသည့် ပြည်သူ့ဝန်ထမ်းများဖြစ်လာစေရန် ရည်ရွယ်၍ “ အရာထမ်းများ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ်(၁၉)” ကို (၁-၁၂-၂၀၂၅) ရက်နေ့မှ (၁၂-၁၂-၂၀၂၅) ရက်နေ့အထိ Online (Zoom Cloud Meeting Application) အသုံးပြု၍ ရက်သတ္တပတ် (၂) ပတ်ကြာ Hybrid ပုံစံဖြင့် ဖွင့်လှစ်ပို့ချခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်သည် လွန်စွာအရေးကြီးပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ကျွမ်းကျင်မှု၊ လေ့ကျင့်ရေးနှင့် အလုပ်အကိုင် နေရာချထားရေးများတွင် ပိုမိုရင်းနှီးမြှုပ်နှံမှု ပြုလုပ်လေ့ရှိကြပါ ကြောင်း၊ ဌာနတွင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်သွက်လက်မြန်ဆန်စွာ ဆောင်ရွက် နိုင်ရန်နှင့် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများ တိုးတက်များပြားလာစေရန်အတွက် ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်နိုင်မှသာ ဝန်ထမ်းများ၏ စွမ်းရည်တိုးတက်လာခြင်းနဲ့ အတူ အရည်အချင်းရှိသည့် ဝန်ထမ်းများမွေးထုတ်ပေးနိုင်မှာ ဖြစ်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ဌာနတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံသင်တန်းများအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ အမှတ်စဉ်(၁၉) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်းသင်တန်းသား (၈၇၁)ဦးအား သင်တန်းပို့ချပေးနိုင်ခဲ့ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းသည် ပစ္စုပ္ပန်ကာလတွင်သာမက မိမိတို့၏ သားစဉ်မြေးဆက်အထိ ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရန်နှင့် စနစ်တကျ ထိန်းသိမ်းကာကွယ်ရန် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာများကို နိုင်ငံတော်က ချမှတ်ထားသည့် အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနှင့်အညီ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အမျိုးသားအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့်များတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ သင်တန်းမှ ပို့ချပေးလိုက်သည့် ဘာသာရပ်ဆိုင်ရာဗဟုသုတများသည် မိမိတို့လုပ်ငန်းများ လုပ်ဆောင် သည့်အခါ အထောက်အကူများစွာ ပြုစေမှာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဌာနတွင်းအခြေခံသင်တန်းနှင့် မွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ရန် လိုအပ်သလို လုပ်ငန်းနှင့် ဆက်စပ်နေသော TOT သင်တန်းများကိုလည်း ဉီးစီးရုံးချုပ်၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သွားရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှလည်း ဆင့်ပွားသင်တန်းများကို ပြန်လည်ပို့ချပေးသွားရန် အလေးထား တိုက်တွန်း ပြောကြားလိုပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာတွင် အဂတိတရား ကင်းရှင်းစွာဖြင့် မိမိတို့၏တာဝန်ကို မှန်မှန်ကန်ကန် ကျေပွန်စွာ ထမ်းဆောင်သွားကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ စာပေထူးချွန်ဆု ရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းသား/ သူများကိုယ်စား သင်တန်းသား(၁) ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ အခမ်းအနားကို ညနေ (၁၅:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။



