30
Dec

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

“အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေး” ကျင်းပခြင်း

သတင်းထုတ်ပြန်ချက်

(၃၀-၁၂-၂၀၁၆၊ အင်ကြင်းခန်းမ၊ နေပြည်တော်)

      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ နာယကအဖြစ် ပါဝင်သော အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟို ကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာန၊ ရုံးအမှတ်(၃၉)၊ အင်ကြင်းခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

   အခမ်းအနားသို့ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဗဟိုကော်မတီဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း၊ ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်/နေပြည်တော်ကောင်စီနယ်မြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဌများနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တာဝန်ရှိသူများ စုစုပေါင်း(၈၅) ဦးခန့် တက်ရောက်ကြသည်။

   ဆက်လက်၍ အစီအစဉ်အရ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၏ အဓိကအချက်မှာ အမျိုးသားအဆင့်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင်  ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကိုကဏ္ဍအလိုက် စနစ်တကျ ထည့်သွင်းပေါင်းစပ် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်ဖြစ်ကြောင်း၊ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များ၊ ဥပဒေပိုင်းဆိုင်ရာ ရေးဆွဲဆောင်ရွက်မှုများ ဆောင်ရွက်နေသလို ပညာပေးရေးနှင့်အသိပညာ ပြန့်ပွားရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်နှင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စစ်ဆေးကြပ်မတ်မှုများကို ဆိုင်ရာကဏ္ဍအလိုက်သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့်ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ စိတ်စေတနာထက်သန်မှုကို အခြေခံပြီး အပြန်အလှန်ခင်မင်လေးစားမှုဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားခြင်းဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများ ရုပ်လုံးပေါ်ပီပြင်လာပြီး ရေရှည်တည်တံ့သော လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားပါသည်။

    ထို့နောက် ဗဟိုလုပ်ငန်းကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် ဗဟိုကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးချုပ် ဦးလှမောင်သိန်းက လုပ်ငန်းဆောင်ရွက် ပြီးစီးမှု နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် အရပ်ဖက်လူမှုအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့ အစည်း၊ ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး/ ပြည်နယ်/နေပြည်တော်ကောင်စီနယ်မြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဌများမှ မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြပါသည်။ ဆက်လက်၍ ဗဟိုကော်မတီဝင်များဖြစ်သော ဒုတိယဝန်ကြီးများ၊ ဒုတိယ ရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်များမှ ဆွေးနွေးကြပါသည်။

   ထို့နောက် ဗဟိုကော်မတီမှ အဓိကဆုံးဖြတ်ပေးရမည့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေး ဆုံးဖြတ်ပြီး ဒုတိယသမ္မတ(၁)က နိဂုံးချုပ်စကားပြောကြားကာ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို နေ့လယ် ၁၃:၀၀ နာရီတွင် ရုပ်သိမ်းပါသည်။

      ဆွေးနွေးပွဲ ဒုတိယပိုင်းအနေဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (သစ်တော၊ သတ္တု နှင့် ပတ်ဝန်းကျင်ကဏ္ဍ) ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို မွန်းလွဲ ၁၄:၃၀ နာရီတွင် ဆက်လက်ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်/ နေပြည်တော်ကောင်စီနယ်မြေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ တက်ရောက်ကြပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ရှင်းလင်း ဖြေကြားကာ ညနေ ၁၇:၁၀ နာရီတွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန