16
Feb

မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

(၁၆-၂-၂၀၁၇) သင်္ဂဟဟိုတယ်၊ နေပြည်တော်

        သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်၊ ကုလသမဂ္ဂအခြေချနေထိုင်မှုအစီအစဉ်နှင့် မြန်မာရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသော “မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ယနေ့နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အမှာစကား ပြောကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးက- ရာသီဥတုပြောင်းလဲမှုသည် ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီး၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အန္တရာယ်ပြုခြိမ်းခြောက်နေသော ကမ္ဘာလုံးဆိုင်ရာ အဓိကပြဿနာ တစ်ရပ်ဖြစ်သကဲ့သို့ အနာဂတ်စီမံကိန်းများ ရေးဆွဲချမှတ်ဆောင်ရွက်ရာတွင်လည်း မဖြစ်မနေထည့်သွင်းစဉ်းစားရမည့် အရေးကြီးကိစ္စတစ်ရပ်ဖြစ်လာကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ဆိုးရွားပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များကို ကြုံတွေ့ရသည့်အခါသေဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများ များပြားသည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်ကဏ္ဍများကိုပါ ထိခိုက်ပျက်စီးစေသည့် အစာရေစာရှားပါးမှု၊ ရောဂါဘယဖြစ်ပွားမှုများကို ဆက်လက်ဖြစ်ပေါ်လာစေပြီး ဆင်းရဲသည့် ပြည်သူများသည် ဆိုးကျိုးများကို ပိုမိုခံစားနေကြရကြောင်း၊ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေး (Adaptation)နှင့် ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိစေရေး (Resilient) သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလွန်အရေးတကြီးလိုအပ်သော ကိစ္စရပ်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို တားဆီးတုန့်ပြန်နိုင်ရေးအတွက် ညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်ကို အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများအားလုံး မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ရာသီဥတုပြောင်းလဲမှု တားဆီးလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးကို ဆောင်ရွက်ရန်၊ ဖွံ့ဖြိုးပြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လိုအပ်သည့်ငွေကြေးနှင့် နည်းပညာများပံ့ပိုးရေးအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ရန် စသည့်ကတိကဝတ်များ ပါဝင်ပြီး (Binding Force) စည်းနှောင်အားရှိသည့် သမိုင်းဝင်သဘောတူညီချက်တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၂ ခုနှစ် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC) နှင့် ၁၉၉၇ ခုနှစ် ကျိုတိုနောက်ဆက်တွဲစာချုပ် (Kyoto Protocol) များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသကဲ့သို့ ၂၀၁၅ ပါရီသဘောတူညီချက်တွင်လည်း ၂၀၁၆ ဧပြီလ၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အတည်ပြုလက်မှတ်ရေးထိုးရန်(Ratify) ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ထိခိုက်ခံစားရန် အလွန်လွယ်ကူသည့် နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် ၂၀၁၂ ခုနှစ်တွင် အမျိုးသား လိုက်လျောညီထွေရှိစေရေး လုပ်ငန်းအစီအစဉ် (National Adaptation Plan of Action-NAPA)ကို ရေးဆွဲခဲ့ပြီး စိုက်ပျိုးရေး၊ ကြိုတင်သတိပေးစနစ်၊ သစ်တော၊ ပြည်သူ့ကျန်းမာရေး၊ ရေအရင်းအမြစ်၊ ကမ်းရိုးတန်းဒေသ၊ စွမ်းအင်၊ စက်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲ စသည့် ဦးစားပေးဆောင်ရွက်ရမည့် နယ်ပယ်အလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများက ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော်လျက်ရှိကြောင်း၊ လက်ရှိ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော စက်မှုနှင့် စွမ်းအင်၊ ပို့ဆောင်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍများတွင် စီမံကိန်းများ စနစ်တကျချမှတ်ဆောင်ရွက်ခြင်းမရှိပါက စနစ်တကျစီမံခန့်ခွဲမှုမရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည်မခံနိုင်သည့်အပြင် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၊ ညစ်ညမ်းမှုများနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စေသော ကာဗွန်ထုတ်လွှတ်မှုများ တိုးပွားလာစေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အလုံးစုံပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေး၊ အရင်းအမြစ်များ အကျိုးရှိထိရောက်စေမည့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စုံဖွံ့ဖြိုးရေး၊ ရလဒ်ကိုအခြေခံသည့် ဖွံ့ဖြိုးတိုးတက်ရေးစသည့် အခြေခံမူများဖြင့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်ကို ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်၊ ကုလသမဂ္ဂအခြေချနေထိုင်မှု အစီအစဉ်တို့၏ ပံ့ပိုးမှုဖြင့် ရေးဆွဲဆောင်ရွက်ခဲ့ရာ မဟာဗျူဟာနှင့်လုပ်ငန်းအစီအစဉ် အပြီးသတ်မူကြမ်းရေးဆွဲပြီးဖြစ်ကြောင်း၊ မဟာဗျူဟာ ရည်မှန်းချက်သည် မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ခုနှစ်တွင် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုများ ဖွံ့ဖြိုးတိုးတက်လာပြီး အလုံးစုံပါဝင်သည့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ကာဗွန်လျော့ပါးသည့် ဖွံ့ဖြိုးမှုလမ်းကြောင်းကို ရောက်ရှိစေရေးဖြစ်ကြောင်း၊ မဟာဗျူဟာလုပ်ငန်းအစီအစဉ်တွင်  ရာသီဥတုပြောင်းလဲမှုဒဏ်ကို ထိခိုက်လွယ်သည့် စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍများ၊ လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် ကာဗွန်စုပ်ယူထိန်းသိမ်းမှုကို အထောက်အကူဖြစ်စေသည့် ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကဏ္ဍများ၊ ကာဗွန်လျော့နည်းစေသည့် စွမ်းအင်၊ ပို့ဆောင်ရေးနှင့် စက်မှုစနစ်များ ဖွံ့ဖြိုးလာစေရေးကဏ္ဍများ၊ သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ပြည့်ဝသည့် မြို့၊ ရွာများဖြစ်စေရန်နှင့် ပညာပေးရေး၊ အသိပညာပြန့်ပွားရေးနှင့် နည်းပညာဆိုင်ရာစနစ်များ ဖွံ့ဖြိုးလာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို ထည့်သွင်းရေးဆွဲထားပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို အမျိုးသားအဆင့်သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များတွင်ပါ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက မိမိတို့၏ ဆိုင်ရာကဏ္ဍအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးအတွက် လမ်းညွှန်မှုများပြုပေးနိုင်မည့် တိကျခိုင်မာသော မူဝါဒတစ်ရပ်ချမှတ်ရန် လိုအပ်လာသောကြောင့် ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၊ ကုလသမဂ္ဂ အခြေချနေထိုင်မှု အစီအစဉ်တို့၏ ပံ့ပိုးမှုနှင့် မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒကို ၂၀၁၆ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ယနေ့ချပြ ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏အခြေအနေနှင့် သင့်လျော်ကိုက်ညီပြီး ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့် ခိုင်မာသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ ပေါ်ထွန်းလာစေရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းလိုကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု တားဆီးလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးလုပ်ငန်းများကို Stakeholder များအားလုံး ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ရေရှည်ခိုင်မာသည့် လူမှုစီးပွားဖွံ့ဖြိုးမှုရရှိလာစေပြီး မိမိတို့အားလုံး မျှော်မှန်းသည့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဟု အခိုင်အမာယုံကြည်ပါကြောင်း ပြောကြားပါသည်။

   အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဌ၊ အမျိုးသားလွှတ်တော်သတ္တု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဌ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဌ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

          အလုပ်ရုံဆွေးနွေးပွဲကို  နံနက် ၁၀:၀၀ နာရီတွင် ဆက်လက်ကျင်းပရာ မြန်မာရာသီဥတု ပြောင်းလဲမှု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်(MCCA)နည်းပညာဆိုင်ရာ အကြံပေးအရာရှိချုပ် Mr. Pasquale Capizzi က မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၃၀) အကျဉ်းချုပ်ကိုလည်းကောင်း၊  အင်္ဂလန်နိုင်ငံအခြေစိုက် International Institute for Environment and Development(IIED) မှ Principal Researcher Ms. Achala Abeysinghe က မြန်မာရာသီ ဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒတွင်ပါဝင်မည့် ရေရှည်အမြင်၊ ရည်မှန်းချက်၊ မူဝါဒဆိုင်ရာ သဘောထားမှတ်ချက်များ၊ အကောင်အထည်ဖော်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်း နည်းလမ်းများ၏ အဓိကကျသော မူဝါဒဆိုင်ရာအချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများ၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်းအကြံပြုကြပါသည်။ ထို့နောက် မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒအဆိုပြု အခြေခံအချက်များနှင့်စပ်လျဉ်း၍ အကြောင်းအရာခေါင်းစဉ်အလိုက် အုပ်စု(၄)စု ခွဲကာ ဆွေးနွေးကြပြီး ဆွေးနွေးမှုရလဒ်နှင့် အကြံပြုချက်များကို အဖွဲ့လိုက်ပြန်လည်ဆွေးနွေးတင်ပြကာ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးကြ ပါသည်။ ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက နိဂုံးချုပ်စကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေ ၁၇:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန