
နေပြည်တော်တွင် Fire Hotspot နှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှု လေ့လာစောင့်ကြည့်ရေးအတွက် ထိုင်းနိုင်ငံမှ ကွန်ပျူတာနှင့် စက်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် နည်းပညာစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
ထိုင်းနိုင်ငံ၊ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုစီမံခန့်ခွဲရေး စီမံကိန်းအပိုင်း (၂) ၏ အထောက်အပံ့ဖြင့် နေပြည်တော်တွင် Fire Hotspot နှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှု လေ့လာ စောင့်ကြည့်ရေးအတွက် ကွန်ပျူတာနှင့် စက်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် နည်းပညာ စီမံခန့်ခွဲရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈) တွင် ၁၅-၈-၂၀၂၅ ရက်နေ့၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး၊ သက်ဆိုင်ရာ ဦးစီးဌာနများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ ရန်ကုန်မြို့ ထိုင်းသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump ၊ ပထမအတွင်းဝန် Mr. Wuthikiat Chaicharna ၊ ထိုင်းနိုင်ငံ၊ ညစ်ညမ်းမှုထိန်း ချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး Dr. Sakda Tridech ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ စသည့် ကိုယ်စားလှယ်စုစုပေါင်း (၂၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လေ့လာစောင့်ကြည့်နိုင်ရေးအတွက် ကွန်ပျူတာ နည်းပညာစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု တားဆီးထိန်းချုပ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump က ထိုင်း နိုင်ငံ၊ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု စီမံခန့်ခွဲရေး စီမံကိန်းအပိုင်း (၂) ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် ယနေ့အခမ်းအနားနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းသူက တက်ရောက်လာကြသည့် ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ကြိုဆို နှုတ်ခွန်းဆက်စကားနှင့်အတူ စက်ပစ္စည်းနှင့် နည်းပညာများကို လာရောက်ထောက်ပံ့ပေးသည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်အကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား ကျေးဇူးအထူးတင်ရှိပါ ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အခမ်းအနားအစီအစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump မှ နေပြည်တော်တွင် Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လေ့လာစောင့်ကြည့် ရေးအတွက် ကွန်ပျူတာနှင့်စက်ပစ္စည်းများကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းသူ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ ဧည်သည်တော်များမှ ကွန်ပျူတာစက် ထိန်းချုပ်ရေးအခန်းသို့ သွားရောက်၍ သင်တန်းသား/ သူ များ၏ Fire Hotspot နှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာနည်းပညာစီမံခန့်ခွဲမှုဆိုင်ရာ လေ့ကျင့် သင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အခမ်းအနားအား နံနက် ၁၀:၀၀ နာရီ အချိန်တွင် ရုပ်သိမ်း ခဲ့သည်။ ထိုင်းနိုင်ငံ၊ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး Dr. Sakda Tridech ဦးဆောင်သော ကျွမ်းကျင်ပညာရှင်များမှ သင်တန်းသား/ သူ များအား နည်းပညာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ၁၅-၈-၂၀၂၅ ရက်နေ့ ညနေ ၄း၃၀ နာရီအချိန်အထိ ဆက်လက်လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း သတင်းရရှိပါသည်။